2級施工管理技士補 အကြောင်း

ဆောက်လုပ်ရေးအင်ဂျင်နီယာရဲ့ ပထမ ခြေလှမ်း

မြန်မာနိုင်ငံမှာ မြို့ပြအင်ဂျင်နီယာဘွဲ့ရပြီး ဂျပန်နိုင်ငံကို အင်ဂျင်နီယာအဖြစ် အလုပ်လာလုပ်ပေမယ့် ဂျပန်ရောက်တော့ ဆိုက်ထဲမှာ အလုပ်သမားလို အလုပ်လုပ်နေရပြီး ဘာမှ တက်လမ်းမရှိသလို ခံစားနေရင် ပွဲစားကိုအားကိုးတကြီး ပိုက်ဆံပေးပြီး အလုပ်အသစ်ရှာတာထက် ကိုယ့်အားကိုယ်ကိုး ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (2級施工管理技士) စာမေးပွဲကို ဖြေဆိုသင့်ပါတယ်။

ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှု အင်ဂျင်နီယာ စာမေးပွဲသည် တစ်ခြားအဆင့်မြင့်ဆောက်လုပ်ရေးဆိုင်ရာစာမေးပွဲများနဲ့မတူပဲ စာမေးပွဲဖြေဆိုဖို့ မူအားဖြင့် အသက် ၁၇ ကျော်ရှိသူဖြစ်ရမယ်ဆိုတဲ့အချက်ကလွဲပြီး ဘာမှ သတ်မှတ်ချက်မရှိပါဘူး။ ဒါကြောင့် နိုင်ငံခြားသား အပါအဝင် ဘယ်သူမဆို ဖြေဆိုနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်အစိုးရအသိအမှတ်ပြု အင်ဂျင်နီယာစာမေးပွဲဖြစ်တာမို့ ဂျပန်စာနဲ့ ဖြေဆိုရပါမယ်။

မြန်မာနိုင်ငံမှာ သင်ယူလေ့လာခဲ့တဲ့ ပညာနဲ့ ဂျပန်လုပ်ငန်းအတွေ့အကြုံကို ပေါင်းစပ်ရင် အောင်မြင်နိုင်ခြေရှိတဲ့ စာမေးပွဲဖြစ်သောကြောင့် မြန်မာဆောက်လုပ်ရေးအင်ဂျင်နီယာက ဂျပန်နိုင်ငံမှာ မိမိ Carrier ကို တည်ဆောက်သွားမယ်ဆိုရင် ပထမခြေလှမ်းအဖြစ် အသင့်တော်ဆုံး ဂျပန်အစိုးရအသိအမှတ်ပြုစာမေးပွဲလို့ ပြောနိုင်ပါတယ်။

ပရော်ဖက်ရှင်နယ်လိုင်းအလိုက် စာမေးပွဲရှိတယ်။

ဂျပန်အစိုးရ အသိအမှတ်ပြု လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာလက်မှတ် (施工管理技士)စာမေးပွဲမှာ မြို့ပြဆောက်လုပ်ရေးလုပ်ငန်း စီမံခန့်ခွဲမှုအင်ဂျင်နီယာ (土木施工管理技士)၊ အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းစီမံခန့်ခွဲမှု အင်ဂျင်နီယာ (建築施工管理技士)၊ လျှပ်စစ်လုပ်ငန်း စီမံခန့်ခွဲမှုအင်ဂျင်နီယာ(電気工事施工管理技士)၊ ဥယျာဉ်ဆောက်လုပ်ရေးလုပ်ငန်း စီမံခန့်ခွဲမှု အင်ဂျင်နီယာ(造園施工管理技士)၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တရား စီမံခန့်ခွဲမှု အင်ဂျင်နီယာ(建設機械施工技士)၊ ပိုက်ဆက်လုပ်ငန်း စီမံခန့်ခွဲမှု အင်ဂျင်နီယာ(管工事施工管理技士)၊ ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်း စီမံခန့်ခွဲမှု အင်ဂျင်နီယာ(電気通信工事施工管理技士)ဆိုပြီး ပရော်ဖက်ရှင်နယ်လိုင်းအလိုက် စာမေးပွဲ ၇မျိုးရှိပါတယ်။

အထက်ပါ လုပ်ငန်းစီမံခန့်ခွဲမှု အင်ဂျင်နီယာလက်မှတ်စာမေးပွဲမှာ ပထမတန်းလုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာလက်မှတ်နဲ့ ဒုတိယတန်းလုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာလက်မှတ်ဆိုပြီး အဆင့် ၂ ဆင့်ရှိပါတယ်။ ပထမတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာလက်မှတ်ရှိရင် ပရော်ဖက်ရှင်နယ်လိုင်းနဲ့ သက်ဆိုင်တဲ့ ဘယ်လုပ်ငန်းမဆို စီမံခန့်ခွဲနိုင်ပေမယ်၊ ဒုတိယတန်းလုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာလက်မှတ်ပဲရှိရင် စီမံခန့်ခွဲနိုင်တဲ့ လုပ်ငန်းကို လုပ်ငန်းရဲ့ ငွေတန်ဖိုးနဲ့ ကန့်သတ်ထားပါတယ်။

လုပ်ပိုင်ခွင့်မှာ အကန့်အသတ်ရှိပေမယ့် အဆင့်မြင့် အင်ဂျင်နီယာလက်မှတ်ကို ဖြေဆိုဖို့ ဖြေဆိုခွင့် သတ်မှတ်ချက်ရှိတာမို့ မူအားဖြင့် အသက် ကန့်သတ်ချက်ကနဲ့လွဲပြီး တစ်ခြား သတ်မှတ်ချက်မရှိတဲ့ ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာလက်မှတ် စာမေးပွဲကို ကြိုးစားဖြေသင့်ပါတယ်။

(မှတ်ချက် တစ်ချို့ ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာလက်မှတ် စာမေးပွဲ ဥပမာ ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်း စီမံခန့်ခွဲမှု အင်ဂျင်နီယာ(電気通信工事施工管理技士)မှာ အသက်ကန့်သတ်ချက်အပြင် လုပ်ငန်းအတွေ့အကြုံလည်း လိုအပ်ပါတယ်။)

ဂျပန်စာကျွမ်းကျင်မှုလိုအပ်တယ်။

လုပ်ငန်းစီမံခန့်ခွဲမှု အင်ဂျင်နီယာစာမေးပွဲမှာ လုပ်ငန်းနယ်ပယ်အလိုက် လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာနဲ့ နည်းပညာကို ဂျပန်စာနဲ့ မေးတဲ့ မေးခွန်းများကို ဖြေဆိုရသောကြောင့် အင်ဂျင်နီယာပညာအပြင် ဂျပန်စာကျွမ်းကျင်မှုလည်းလိုအပ်ပါတယ်။

အင်ဂျင်နီယာလက်မှတ်စာမေးပွဲမှာ ပထမစာမေးပွဲ(一次試験)နဲ့ ဒုတိယစာမေးပွဲ(二次試験)ဆိုပြီး စာမေးပွဲ ၂ ဆင့် ဖြေဆိုရပြီး ပထမစာမေးပွဲသည် マークシート စနစ်ဖြင့် အမှန်ကို ရွေးတဲ့ စာမေးပွဲဖြစ်သောကြောင့် ဂျပန်စာကို ဖတ်တတ်ရင် ဖြေဆိုနိုင်ပေမယ့် ဒုတိယစာမေးပွဲသည် ပထမတန်း အင်ဂျင်နီယာစာမေးပွဲရော ဒုတိယတန်းအင်ဂျင်နီယာစာမေးပွဲပါ မေးခွန်းအဖြေကို စာစီပြီး ရှင်းပြရသောကြောင့် ဂျပန်စာကို ရေးတတ်ဖို့လည်း လိုအပ်ပါတယ်။

ဂျပန်စာကျွမ်းကျင်မှုဆိုသည်မှာ ဂျပန်နေစဉ်သုံးစကားအပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဝေါဟာရကိုလည်း ကောင်းကောင်းနားလည်နေဖို့ လိုအပ်သောကြောင့် ကြိုးစားပြီး စာမေးပွဲအောင်ဖို့ ကြိုးစားပြင်ဆင်ရပါမယ်။

စာမေးပွဲက ခက်ပေမယ့် ဖြေကြည့်တာ အကျိုးရှိတယ်။

ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (2級施工管理士) စာမေးပွဲသည် ဘယ်သူမဆို ဖြေဆိုလို့ရတဲ့ စာမေးပွဲဖြစ်ပေမယ့် ဂျပန်စာနဲ့ ဖြေဆိုရမယ့်စာမေးပွဲဖြစ်တာမို့ စာမေးပွဲအောင်ဖို့ ဂျပန်စာ ကျွမ်းကျင်မှု လိုအပ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဂျပန် ဝေါဟာရလည်း ကောင်းကောင်းနားလည်နေဖိ့ လိုအပ်ပါတယ်။

ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (2級施工管理技士) စာမေးပွဲမှာလည်း ပထမစာမေးပွဲနဲ့ ဒုတိယစာမေးပွဲရှိပြီး ဒုတိယစာမေးပွဲက ဂျပန်လို စာစီပြီးဖြေရမယ်ဆိုရင် အောင်ဖို့ ရာခိုင်နှုန်းနည်းမယ်။ ဒါဆို ဖြေကြည့်တာ ဘာအကျိုးရှိမှာလဲ။

မှန်ပါတယ်ရော်ဖက်ရှင်နယ်လိုင်းအလိုက် ဆိုပေမယ့် စာမေးပွဲအောင်ဖို့ ခက်တယ်။ ဂျပန်လူမျိုးတောင် အောင်နှုန်း ၅၀ ရာခိုင်နှုန်းအောက်ပဲရှိတယ်။ ဒါပေမယ့် အားမလျှော့ပါနဲ့။

အားမလျှော့ပါနဲ့ ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (2級施工管理技士) ပထမစာမေးပွဲအောင်ရင် ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှု လက်ထောက်အင်ဂျင်နီယာ (2級施工管理技士補) လက်မှတ် ရမယ်။ နာမည်က တကယ် ရော်ဖက်ရှင်နယ်ဆန်ပေမဲ့ လက်တွေ့မှာ ဒီလက်မှတ်တစ်ခုတည်းနဲ့ ဘာမှ လုပ်ပိုင်းခွင့်မရှိဘူး။

ဒါပေမယ့် အကျိုးမရှိဘူးလားလို့မေးရင် အကျိုးရှိပါတယ်လို့ ဖြေရမယ်။ 履歴書 (りれきしょ)လို ခေါ်တဲ့ ဂျပန် CV form မှာ ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှု လက်ထောက်အင်ဂျင်နီယာ (2級施工管理技士補) လို့ ရေးလို့ရနိုင်ပြီး နိုင်ငံခြားသားအင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးဆိုင်ရာ ဗဟုသုတကို ကောင်းကောင်းနားလည်နေတယ်လို့ မိမိကျွမ်းကျင်မှုကို သက်သေပြနိုင်ပါတယ်။ အလုပ်အသစ်ရှာတဲ့အခါ ဒါကို တကယ် ကိုယ်ကို အကျိုးပြုပါလိမ့်မယ်။

ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှု လက်ထောက်အင်ဂျင်နီယာ (2級施工管理技士補)

ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှု လက်ထောက်အင်ဂျင်နီယာသည် မြို့ပြအင်ဂျင်နီယာပညာ၊ အဆောက်အဦးဆောက်လုပ်ရေးအင်ဂျင်နီယာပညာ၊ လျှပ်စစ်လုပ်ငန်းအင်ဂျင်နီယာပညာ အစရှိသော ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ် ၇မျိုးမှာ အင်ဂျင်နီယာရဲ့ ဆောက်လုပ်ရေးဆိုင်ရာ အသိပညာနဲ့ နည်းပညာဆိုင်ရာ ဗဟုသုတကို စစ်ဆေးတဲ့ ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (2級施工管理技士) စာမေးပွဲရဲ့ ပထမ စာမေးပွဲကို အောင်သူကို ထုတ်ပေးတဲ့ ဂျပန်အစိုးရအသိအမှတ်ပြု အင်ဂျင်နီယာလက်မှတ် တစ်မျိုးဖြစ်တယ်။ မူအားဖြင့် ဒီစာမေးပွဲကို ဖြေဆိုဖို့ အသက် ၁၇ နှစ်ကျော်ရှိသူဖြစ်ရမယ်ဆိုတဲ့အချက်ကလွဲပြီး တစ်ခြားသတ်မှတ်ချက်မရှိသောကြောင့် နိုင်ငံခြားသား အင်ဂျင်နီယာက ဂျပန်နိုင်ငံမှာ အင်ဂျင်နီယာအဖြစ် ခြေလှမ်းလျှောက်ရာမှာ ပထမခြေလှမ်းလို့ ပြောနိုင်ပါတယ်။

လက်တွေ့မှာ ဒီလက်မှတ်ရှိရုံနဲ့ လုပ်ငန်းခွင်မှာ ဘာမှ လုပ်ပိုင်ခွင့်မရသောကြောင့် လုပ်ငန်းလုပ်ကိုင်ရာမှာ အကျိုးမရှိပေမယ့် အလုပ်အသစ်ရှာမယ်။ အလုပ်ပြောင်းမယ့်အခါမှာ မိမိရဲ့ ကိုယ်ရေးရာဇဝင်မှာ ဒီအင်ဂျင်နီယာလက်မှတ်ရှိတယ်လို့ ရေးသားဖော်ပြနိုင်သောကြောင့် ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးလောကရဲ့ အခြေခံကို ကောင်းကောင်းသဘောပေါက်နားလည်နေပြီး ဂျပန်စာလည်း ကျွမ်းကျင်နေတယ်လို့ သက်သေပြနိုင်ပြီး တက်လမ်းရှာရာမှာ အကျိုးရှိပါတယ်။

အဆောက်အဦးဆောက်လုပ်ရေးစာမေးပွဲအတွက်

မြို့ပြလုပ်ငန်းစာမေးပွဲအတွက်

လျှပ်စစ်လုပ်ငန်းစာမေးပွဲအတွက်

ဖြစ်နိုင်ရင် ပထမတန်း လုပ်ငန်းစီမံခန့်ခွဲမှု လက်ထောက်အင်ဂျင်နီယာလက်မှတ်ကို ရအောင်ယူပါ

ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (2級施工管理技士) ရှိသလို ပထမတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (1級施工管理技士)လည်းရှိပါတယ်။ ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (2級施工管理技士) သည် တန်ဖိုးနည်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကိုသာ စီမံခန့်ခွဲနိုင်ပေမယ့် ပထမတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (1級施工管理技士)သည် ဘယ်လုပ်ငန်းမဆို စီမံခန့်ခွဲနိုင်ပါတယ်။

ပထမတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (1級施工管理技士)လက်မှတ်အတွက်လည်း ပထမစာမေးပွဲနဲ့ ဒုတိယစာမေးပွဲရှိပြီး ပထမတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (1級施工管理技士)ပထမစာမေးပွဲကို အောင်ရင် ပထမတန်လုပ်ငန်းစီမံခန့်ခွဲမှု လက်ထောက်အင်ဂျင်နီယာ (1級施工管理技士補) လက်မှတ်ရနိုင်ပါတယ်။

ဒီလက်မှတ်သည် ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုလက်ထောက်အင်ဂျင်နီယာလက်မှတ်နဲ့ မတူပဲ အရမ်းအသုံးဝင်ပါတယ်။ ကိုယ့်ကိုယ်တိုင် အထက်လူကြီးရဲ့ကြီးကြပ်မှုအောက်မှာ Project Manager အဖြစ်လည်း တာဝန်ယူနိုင်တဲ့ လက်မှတ်ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ပထမတန်း လုပ်ငန်းစီမံခန့်ခွဲမှု လက်ထောက်အင်ဂျင်နီယာလက်မှတ်ကို ရအောင်ယူပါ

ပထမတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (1級施工管理技士)စာမေးပွဲကို ဖြေဆိုခွင့်ရဖို့ ပညာအရည်အချင်းအလိုက် လုပ်ငန်းအတွေ့အကြုံလိုအပ်ပေမယ့် ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (2級施工管理技士) အောင်လက်မှတ်ရှိသူသည် ဒီစာမေးပွဲကို ဖြေခွင့်ရှိပါတယ်။

ဒါကြောင့် ဂျပန်ရောက်မြန်မာအင်ဂျင်နီယာများအနေနဲ့ ဒုတိယတန်း လုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာ (2級施工管理技士) စာမေးပွဲသည် ပထမခြေလှမ်းလို့ပြောနိုင်တာပါ။

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です